Mobile Internet သုံးနေစဥ် Phone Call တွေကိုရှောင်မယ်
VoLTE မရတဲ့အခါမျိုးနဲ့ Dual Sim ဖုန်းတွေမှာ Secondary SIM ကနေ ဖု
ယနေ့ခေတ် နိုင်ငံရေးအခြေအနေမတည်ငြိမ်တဲ့ မြန်မာနိုင်ငံနဲ့ တခြားအလားတူအခြေအနေမျိုးမှာရှိနေတဲ့ နိုင်ငံတော်တော်များများမှာ အာဏာရှင်အစိုးရတွေက သတင်းအချက်အလက်နဲ့ ဆက်သွယ်ရေးကို လက်နက်သဖွယ်အသုံးချနေတာ အကုန်လုံးသိပြီးသား ကိစ္စပါ။ ဒီလိုအခြေအနေတွေမှာ တားဆီးပိတ်ပင်ခံထားရတဲ့ သတင်းနဲ့၀န်ဆောင်မှုတွေကို ရယူနိုင်ဖို့ bypass methods တွေကို မဖြစ်မနေအသုံးပြုလာရပါတယ်။
bypass methods ဆိုတာ မြန်မာလို ရိုးရိုးရှင်းရှင်းပြောရင် ပိတ်ထားတာတွေကို ကျော်ခွတဲ့ နည်းလမ်းတွေပါ။
bypass methods တွေထဲမှာ အဓိက ရေပန်းအစားဆုံးကတော့ Proxy နဲ့ VPN ဆိုတာ မြန်မာနိုင်ငံက Internet အသုံးပြုသူတော်တော်များများ သိနေပြီး ဖြစ်ပါတယ်။
Proxy နဲ့ VPN ရဲ့ အဓိက အလုပ်လုပ်ပုံက တူသယောင်ယောင်ရှိပေမယ့် တကယ်တန်းတော့ မတူပါဘူး။ တူတဲ့အချက်တခုကတော့ ၂ခုလုံးက ကြားခံ Server တွေလိုအပ်ပြီး အသုံးပြုသူရဲ့ အချက်အလက် ပေးပို့ရယူမှကို ကြားခံ Server ကတဆင့် ဖြတ်စေတာဖြစ်ပါတယ်။ မတူတဲ့အချက်ကတော့ Proxy တွေမှာ အဆင့်မြင့်တဲ့ အချက်အလက်လုံခြုံရေး နည်းပညာတွေ ပါတယ်ဆိုရုံပဲရှိပါတယ်။ VPN တွေကတော့ အသုံးပြုသူနဲ့ ကြားခံ Server ကြားထဲက အချက်အလက်ပေးပို့မှုကို ပိုပြီးစိတ်ချရတဲ့ လုံခြုံမှုပေးနိုင်ပါတယ်။
Proxy နဲ့ VPN တွေအသုံးပြုတဲ့အခါ ကိုယ့်ရဲ့ အချက်အလက်တွေက ကိုယ်မသိတဲ့ တခြားသူတယောက်ရဲ့ Server ကတဆင့် ဖြတ်သွားရတာဖြစ်ပါတယ်။ ကြားခံ Server ရဲ့ ပိုင်ရှင်က မသမာသူတယောက်ဖြစ်နေမယ်ဆိုရင် “ရှင်ကြီး ကျားထက်ဆိုး” တာမျိုးနဲ့ တိုးရတဲ့ ဘ၀မျိုးဖြစ်ပါပြီ။ ဒါကြောင့်လဲ အနောက်နိုင်ငံတွေမှာ Proxy/VPN တွေကို ယုံကြည်ရတဲ့ Brand တွေဘဲရွေးသုံးကြတာပါ။ ကိုယ့်ရဲ့ ပေးပို့လိုက်တဲ့အချက်အလက်တွေက Encrypt လုပ်ထားပြီးသားဆိုပေမယ့် ကိုယ့်ကိုပစ်မှတ်ထားပြီး ခိုးယူချင်တဲ့သူမျိုးရဲ့ လက်ထဲကို ရောက်သွားတဲ့အခါ အချိန်ယူပြီး Decrypt လုပ်တာမျိုးခံရနိုင်ပါတယ်။ အမြဲမှတ်ထားဖို့လိုတာက ဘယ် Encryption ကမှ ၁၀၀% မလုံခြုံပါဘူး။
Encryption ဆိုတာ ပေးပို့တဲ့အချက်အလက်ကို ပေးပို့သူနဲ့ လက်ခံသူကလွဲရင် တခြားသူဖတ်လို့မရအောင် ကာကွယ်ထားတာပါ။
ဒီလို ကြားခံ Server အသုံးပြုပြီး အချက်အလက်တွေခိုးယူတာဟာ Man in the Middle လိုခေါ်တဲ့ hacking method တခုဖြစ်ပါတယ်။
စိတ်ချယုံကြည်ရတဲ့ Provider တွေဆီက ၀ယ်သုံးတာက စိတ်အချရဆုံးဖြစ်ပေမယ့် Free ရတဲ့ Service တွေကိုလဲ သတိပြုရွေးချယ်ပြီး သုံးလို့ရပါတယ်။ ရွေးချယ်တဲ့အထဲမှာ အဓိကအရေးအကြီးဆုံးကတော့ “avoid being significant” လို့ခေါ်တဲ့ ကိုယ်ရဲ့ အချက်အလက်က လူအများကြားမှာ အရာမ၀င်လောက်တဲ့ အချက်အလက်တခုဖြစ်စေလောက်တဲ့ Provider မျိုးကိုရွေးသုံးတာပါ။ လူသုံးအရမ်းများတဲ့ Free VPN တွေကို အသုံးပြုခြင်းကို ပြောတာပါ။ ဒီလို ကြားခံ Server တွေကတဆင့် စက္ကန့်နဲ့အမျှဖြတ်သန်းနေတဲ့ အချက်အလက်တွေက များလွန်းတဲ့အတွက် ခိုးယူတယ်ဆိုရင်တောင် ကိုယ့်ကိုပစ်မှတ်ထားဖို့ ခက်ခဲပါတယ်။ နောက်ထပ် တဆင့်တိုးပြီးကွာကွယ်နိုင်တာကတော့ DNS over TLS/DNS over HTTPS စတာတွေကို အသုံးပြုပါ။ DNS over TLS (DoT) ကို Android version 10 နောက်ပိုင်းမှာ Connection Settings ထဲမှာ အလွယ်တကူ ထည့်သွင်းအသုံးပြုလို့ရပါတယ်။ iPhone တွေမှာလဲ Profile အနေနဲ့ထည့်သွင်း အသုံးပြုနိုင်ပါတယ်။ DNS over HTTPS (DoH) ကတော့ browser level မှာအသုံးပြုရတာဖြစ်ပြီး Chrome, Firefox နဲ့ Edge တို့ရဲ့ settings ထဲမှာ အလွယ်တကူဖြည့်သွင်း အသုံးပြုနိုင်ပါတယ်။ Browser Level ဖြစ်တဲ့အတွက် DoT လိုတော့ device တခုလုံးကို အကျိုးသက်ရောက်မှုရှိမှာ မဟုတ်ပါဘူး။
နိဂုံးချုပ်ပြောရရင် Public မှာ Free ရနေတဲ့ Proxy တွေ VPN တွေကို သတိမဲ့မသုံးသင့်ပါဘူး။ ကိုယ့်ရဲ့ အချက်အလက်တွေက ကိုယ်ထင်ထားတာထက် တန်ဖိုးရှိကြောင်း ခံလိုက်ရမှ သိကြတဲ့သူများပါတယ်။ မြန်မာနိုင်ငံသား အားလုံး လုံခြုံဘေးကင်း ကြပါစေ။