ပြည်သူများနဲ့ ဖမ်းဆီး ဖုန်းစစ် ပြဿနာ

စစ်တပ်က ဆန္ဒပြပြည်သူတွေနဲ့ လမ်းသွားလမ်းလာပြည်သူတွေကို ဖမ်းဆီးထိန်းသိမ်းတာမျိုးအပြင် ဖုန်းများကို စစ်ဆေးပြီး စစ်တပ်ကို ဆန့်ကျင်တဲ့ ရေးသားမှုများ မျှဝေမှုများရှိခဲ့ရင် ပုဒ်မ အမျိုးမျိုးတပ်လာတဲ့အပေါ်မှာ Social Media App တွေနဲ့ အခြားသော Messaging App တွေကို အပြင်ထွက်တိုင်း တနည်းနည်းနဲ့ ဖြောက်နေရတဲ့ ဒုက္ခပေါ်လာပါတယ်။

ကျွန်တော့်အနေနဲ့ သူခိုးနည်းပြ မဖြစ်လိုတဲ့အတွက် နည်းသိလဲ စစ်ဆေးသူအတွက် စစ်ဆေးရပိုခက်ခဲစေမယ့်နည်းလေးတွေကို ရေးပေးလိုက်ပါတယ်။

Third-Party Streaming Apps

ပထမဆုံး ကိုယ့်ရဲ့ လုံခြုံမှုအတွက် App တွေကိုဖျက်သွားရတော့မယ် ဒါပေမယ့် လိုအပ်လာရင် Live လွှင့်ဖို့လဲ အဆင်ပြေရအောင် Third-Party Streaming Apps တွေကို သုံးလို့ရပါတယ်။

ဒီ App မျိုးကတော့ များသောအားဖြင့် Game Streamer နဲ့ Multi-live လို့ပြောကြတဲ့ Platform မျိုးစုံကို တပြိုင်ထဲ Live လွှင့်ချင်တဲ့အခါမျိုးမှာ သုံးကြပါတယ်။ သူက ကိုယ့် Live လွှင့်ချင်တဲ့ Social Media Platform တွေကို ပထမဆုံး Authorization ယူပြီးလွှင့်တာဖြစ်တဲ့အတွက် ကိုယ့် ဖုန်းကိုသိမ်းခံရရင်တောင် သိမ်းသွားတဲ့သူက Live ပဲဆက်လွှင့်လို့ရပါလိမ့်မယ်။ ကိုယ့်ထဲမှာရှိနေတဲ့ message တွေ post တွေကိုဝင်ဖတ်လို့မရပါဘူး။ အလွန်ဆုံး ကိုယ့်လွှင့်ခဲ့တဲ့ Live များကိုပြန်ဖျက်နိုင်ပါလိမ့်မယ်။ ဒါပေမယ့်လဲ ကိုယ်သုံးတဲ့ App က Feature အများကြီးကို Support လုပ်တာမျိုးကို ရှောင်သင့်ပါတယ်။ Live လွှင့်တဲ့ Feature ကို အဓိကထားတဲ့ App မျိုးကိုရွေးတာအကောင်းဆုံးပါ။

ပိုပြီးစိတ်ချရအောင် ကိုယ့်နာမည်နဲ့ မသက်ဆိုင်တဲ့ Facebook Page / YouTube Channel မျိုးလုပ်ပြီး အရေးကြုံလာတဲ့အခါ အဲ့ကို Public ထားပြီးလွှင့်တာက ကိုယ်ဘယ်သူလဲဆိုတာကို အလွယ်တကူရှာဖို့ ပိုခက်နိုင်ပါတယ်။ ဒီလိုလုပ်မယ်ဆိုရင်တော့ ကိုယ့် Page/Channel တွေကို ရင်းနှီးတဲ့ အိမ်မှာ ကျန်ခဲ့မယ့် မိသားစု/မိတ်ဆွေတွေကို ပြန် share ခိုင်းနိုင်ပါတယ်။

ကျွန်တော် recommend ပေးတဲ့ app ကတော့ Streamlabs ဖြစ်ပါတယ်။

Privacy Browsers

ဒီ Browser တွေကတော့ အားလုံးကြားဖူးကြမယ့် Incognito/Private mode တမျိုးထဲနဲ့ သုံးနိုင်တဲ့ browser မျိုးတွေပါ။ ကိုယ့်ရဲ့ Social Media account တွေကို အဲဒီ့ browser တွေကနေတဆင့် သက်ဆိုင်ရာ website လိပ်စာကိုအသုံးပြုပြီး ဝင်ရောက်နိုင်ပါတယ်။ ဒီ browser တွေကတော့ အသုံးပြုပြီး ထွက်လိုက်တာနဲ့ ဝင်ထားသမျှ account တွေ ကြည့်ထားသမျှ Website တွေအကုန်လုံး ပျက်သွားမှာဖြစ်ပါတယ်။

ကျွန်တော် recommend ပေးတဲ့ browser ကတော့ Firefox Focus ဖြစ်ပါတယ်။

Anti-Theft Solutions

ဒါကတော့ Security Solution တမျိုးဖြစ်ပြီး အရမ်းထိရောက်တဲ့နည်းပါ။ ဒါကို အသုံးပြုဖို့ iOS နဲ့ Android ဖုန်းတွေမှာ Default ပါတဲ့ Find My Phone/Device Feature တွေကိုအသုံးပြုနိုင်ပြီး ကိုယ့်ဖုန်းကို အသိမ်းခံရတဲ့အခါမျိုးမှာ တခြား Device တစ်ခုကနေ အကိုယ့်အကောင့်ထဲဝင်ပြီး ဖုန်းကို lock ချတာနဲ့ အထဲမှာရှိတာတွေ အကုန်လုံးကို ဖျက်ပစ်တာတွေကို လုပ်နိုင်ပါတယ်။ ယုံကြည်ရတဲ့ မိသားစု ဒါမှမဟုတ် သူငယ်ချင်းကို account credential တွေပေးထားပြီးတော့လဲ ကိုယ်တိုင် အဖမ်းခံလိုက်ရတဲ့အခါမျိုးမှာ လှမ်းဖျက်ဖို့ ကြိုပြီး တိုင်ပင်ထားလို့ရပါတယ်။

Edit: Anti-Theft Solution တွေအလုပ်လုပ်ဖို့ ဖုန်းအင်တာနက်လိုအပ်ပြီး လက်ရှိ Internet ပိတ်ခံထားရတဲ့အခြေအနေမှာတော့ ဒီနည်းလမ်းက အဆင်မပြေနိုင်ပါဘူး။


ဒီထဲမှာ ကျွန်တော်ထည့်မရေးထားတဲ့ ပိုစိတ်ချရတဲ့ နည်းလမ်းတွေရှိပေမယ့် အစမှာ ပြောခဲ့သလိုဘဲ ဒလန်တွေကို နည်းလမ်းပေးသလိုဖြစ်သွားမှာ စိုးရိမ်တာကြောင့် ထည့်မရေးထားပါဘူး။ အားလုံးပဲ အဓမ္မ ကို တွန်းလှန်နိုင်ကြပါစေ။