Internet Curfew အတွက် Operator တွေမှာ အပြစ်ရှိလား?

ဒီကိစ္စကို သုံးသပ်ကြည့်မယ်ဆိုရင် MAL ဇာတ်လမ်းစတဲ့ 1st of February ကို ပြန်သွားရမယ်။ ပြီးတော့ အခုကျွန်တော်ပြောမယ့်ကိစ္စက စစ်တပ်ပိုင် စီးပွားရေးတွေကို Boycott လုပ်တဲ့အပေါ်မှာ ပြောတာမဟုတ်ပါဘူး။ စစ်တပ်ပိုင် စီးပွားရေးများကို အသုံးပြုပြီး လူသတ်ကောင်တွေကို ပိုက်ဆံပေးသလို မဖြစ်စေဖို့ ဒီစာကို ဖတ်နေတဲ့ သူတွေကိုလဲ တောင်းဆိုအပ်ပါတယ်။

Feb 1st မှာ Telecom Operator တွေနဲ့ Internet Service Provider တွေက စစ်တပ်ကို ကူညီခဲ့သလား ဆိုတာ ဓာတ်ပုံအထောက်အထားတွေအရ ပြန်ကြည့်ရင် လုံးဝမဖြစ်နိုင်ပါဘူး။ Server နဲ့ Exchange တည်နေရာတွေကိုဝင်စီးပြီး အတင်းအကြပ်စေခိုင်းတာ ကြိုးတွေကို အဓမ္မ ဖြတ်ခဲ့တာတွေကို ပြန်တွေ့ခဲ့ရပြီးလဲ ဖြစ်ပါတယ်။

အဲ့ဒီ့နောက်ပိုင်း Internet Censorship နဲ့ Internet ဖြတ်တောက်ရန် ခိုင်းစေချက်တွေကို Telenor နဲ့ Ooredoo လို Operator တွေ နဲ့ တချို့သော Internet Service Provider များက တနည်းမဟုတ်တနည်းနဲ့ ပြည်သူနဲ့ International Community ကို အသိပေးခဲ့ကြပါသေးတယ်။ ဒါပေမယ့်လဲ 01:00AM ကနေ 09:00AM ထိ ပုံမှန် ဖြတ်တောက်မှုတွေ စခဲ့ပြီး တတိယမြောက်နေ့မှာတော့ Provider တွေ အကုန်လုံးကို စစ်တပ်ရဲ့ ခိုင်းစေချက်တွေ အပြင်ကိုသတင်းမထွက်စေဖို့ တားခဲ့ပါတယ်။ ဘယ်လိုနည်းလမ်းနဲ့ ဘာတွေ ပြောပြီး တားခဲ့တာလဲဆိုတာ မသိရပေမယ့် Provider တွေဆီက သတင်းတွေ အပြင်ထွက်မလာတော့တာ အားလုံးသိကြမှာပါ။

ဒီတော့ ခိုင်းတဲ့အတိုင်းလုပ်နေတာ Telecom တွေ ISP တွေမှာ အပြစ်ရှိလား ဆိုတာကို ကျွန်တော်တို့ ဆွေးနွေးနေရင် အမြင်က အမျိုးမျိုးရှိကြမှာ သေချာပါတယ်။ ပိုပြီး Productive ဖြစ်မယ့်ဖက်က ဆွေးနွေးမယ်ဆိုရင်တော့ နိုင်ငံခြားရင်းနှီးမြုပ်နှံမှု တော်တော်များများက လက်ရှိမှာ ဆက်နေသင့် မနေသင့် စောင့်ကြည့်မယ်ဆိုတဲ့ အခြေအနေတွေ ဖြစ်လာပြီ။ ကျွန်တော်တို့ အနေနဲ့ စစ်တပ်ပိုင် ဆက်သွယ်ရေး Company တွေကို လှည့်ကြည့်စရာမလိုတာ သူတို့ရှိနေလို့ဆိုတာ လူတိုင်းသိကြမှာပါ။ ဒီတော့ သူတို့ထွက်သွားနိုင်သလား ဆိုတာကို ဆက်ပြီးတွေးကြည့်ရအောင်။

Telenor က သူ့ရဲ့ International Communication စင်မြင့်ပေါ်ထိ reputation ထိခိုက်လာမယ်ဆိုရင်တော့ Myanmar မှာ ဆက်ရှိနေမှာ မဟုတ်ဘူးလို့ တည့်မပြော‌ပေမယ့် အရိပ်မြွက် ပြောထားပြီးဖြစ်ပါတယ်။ တော်တော်များများက အရင်းအနှီးကြီးရင် လွယ်လွယ်နဲ့ ထွက်မသွားဘူးလို့ထင်ကြပေမယ့် နာမည်ရပြီးသား အောင်မြင်နေတဲ့ International Brand တွေအတွက်က ရည်ရှည်မှာထွက်သွားမှ ပိုအဆင်ပြေနိုင်မှာဖြစ်လို့ မလွဲမသွေအခြေအနေမှာ ထွက်သွားကြမှာ အသေအချာပါ။

အဲ့ဒီတော့ သူတို့တွေ ထွက်သွားရင်ဘာဆက်ဖြစ်မလဲ?

အရှင်းဆုံးပြောရရင် စစ်တပ်ရဲ့ အပြည့်အဝချယ်လှယ်မှုအောက် ရောက်သွား နိုင်ပါတယ်။ နောက်တဆင့်အနေနဲ့ ၁၀စုနှစ်တစ်ခု ပြန်နောက်ဆုတ်သွားနိုင်ပါတယ်။ အောက်က ပုံလေးကို ကြည့်ပါ။

ဒီပုံမှာ မြင်ရတာကတော့ စစ်တပ်လက်အောင်မှာရှိနေခဲ့တဲ့ အချိန်မှာ ရှိခဲ့တဲ့ အခြေအနေနဲ့ စစ်တပ်လက်အောက်က လွတ်ပြီးချိန်မှာ တိုးတက်လာခဲ့တာကို စစ်တမ်းကောက်ပြီး June, 2020 မှာ ထုတ်ထားတာပါ။

ကွာခြားချက်တွေကို ကြည့်မယ်ဆိုရင် ကျွန်တော်တို့ရဲ့ လက်ရှိအခြေအနေကနေ နောက်ပြန်သွားဖို့ ဘယ်လိုမှ လက်ခံလို့မရပါဘူး။ အဲ့ဒီလိုမဖြစ်စေဖို့ကလဲ စစ်တပ်နဲ့ ပတ်သတ်မနေတဲ့ တခြားနိုင်ငံက လာရောက်ရင်းနှီးထားတဲ့ သူတွေ ထွက်သွားလို့ မဖြစ်ပါဘူး။ ပြည်သူတွေကပါ သူတို့ကို ဝိုင်းပြီးဆန့်ကျင်နေကြတဲ့အခြေအနေမျိုး ရောက်လာခဲ့ရင် အလားအလာမကောင်းတဲ့နိုင်ငံမျိုးမှာ သူတို့တွေဆက်မနေဖို့ ပိုပြီးအားပေးမိသလိုဖြစ်သွားနိုင်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့က မီးလောင်ရာလေပင့်လုပ်မိပြီး ကိုယ့်‌ပေါင်ကိုယ်လှမ်းထောင်းတဲ့ အဖြစ်ကိုမရောက်စေဖို့ စဥ်းစားချင့်ချိန်ရန် အထူးလိုအပ်ပါတယ်။