March 12, 2024

International Fraudsters ဖြစ်မှန်းမသိ ဖြစ်လာကြတဲ့ မြန်မာနိုင်ငံမှ လူငယ်များ

International Fraudsters ဖြစ်မှန်းမသိ ဖြစ်လာကြတဲ့ မြန်မာနိုင်ငံမှ လူငယ်များ

နိုင်ငံတကာမှာ scammer လို့ပြောလိုက်ရင် India နဲ့ Nigeria ကိုဘဲ အတွေး၀င်ကြတယ်။ ဖုန်းကတဆင့် scamming လုပ်တဲ့လူတွေရဲ့ accent ကိုနားထောင်ကြည့်ရင် သူ‌တို့တွေဘဲများတာကိုး။ U.S. က VoIP phone number တွေကလဲ အလွယ်တကူ၀ယ်လို့ရတော့ toll free number လိုမျိုးတွေ၀ယ်ပြီး ဖုန်းကတဆင့် လူကို ဒဏ်ငွေဆောင်ရမယ် ထောင်ကျမယ်တွေနဲ့ ခြောက်ပြီး card number တောင်းတာတွေ gift card တွေ ၀ယ်ပို့ခိုင်းတာတွေလုပ်ကြတယ်။ အဲ့ထဲမှာမှ နောက်တမျိုးက card checking လို့ခေါ်တဲ့ generate လုပ်ထားတဲ့ credit card number တွေကို active ဖြစ်နေလား balance ရှိလား စစ်တဲ့နည်းမျိုး။ ဒီနည်းလမ်းကလဲ လုပ်နေကြတာ ဆယ်စုနှစ်တခု ၀န်းကျင်ရှိနေပြီ။ ခုလက်ရှိဖြစ်နေတဲ့ ပြဿနာက အဲ့ဒါက အဓိက။

တရား၀င်မှု နဲ့ ထိခိုက်မှု

တရား၀င်လားဆိုတာကတော့ စဉ်းစားစရာတောင်မလိုပါဘူး။ သူများပိုက်ဆံခိုးတာကို တရား၀င်တယ်ဆိုပြီး ဘယ်ဥပဒေ ဘယ်ဘာသာတရား နဲ့မှသတ်မှတ်လို့မရဘူး။ ဘယ်သူတွေ ထိခိုက်လဲဆိုတော့ တချို့က ဘဏ်တွေထိခိုက်တယ် ဘဏ်တွေက သူများဆီက အမြတ်ထုတ်နေတာ အဲ့လောက်လေး ဖြုံတောင်မ‌ဖြုံဘူးလို့ မြင်ကြတယ်။ သေချာလေ့လာတာမျိုးမရှိဘဲ အထင်နဲ့ ငါလုပ်နေတာ မမှားဘူးဆိုပြီး ကိုယ့်ကိုကိုယ် နှစ်သိမ့်ကြတာပေါ့။

တကယ်တမ်း ထိခိုက်မှုက ခိုးခံရတဲ့သူနဲ့ သူခိုးမှန်းမသိဘဲ ရောင်းလိုက်မိတဲ့သူတွေပေါ် အသက်ရောက်ဆုံးဘဲ။ ဥပမာအနေနဲ့ဆိုရင် ကျွန်တော်က ခိုးလို့ရတဲ့ ကဒ်နဲ့ gift card တခု၀ယ်တယ်ဘဲထားပါတော့။ ခိုးခံရတဲ့သူက သတိမထားမိရင်တော့ သူ့ပိုက်ဆံဆုံးတာပေါ့။ သတိထားမိရင်တော့ ဘဏ်ကို ဖုန်းဆက်ပေါ့။ ဘဏ်ဖက်က insurance ပါတဲ့ ကဒ်ကခိုးခံရတာဆိုရင် ပိုက်ဆံကို account ထဲ နာရီ‌ပိုင်းလောက်နဲ့ ပြန်ထည့်ပေးပြီး ကဒ်ကိုလဲ အသစ်ပြောင်းပေးလိုက်တယ်။ ဒါကို ဘဏ်က ဆုံးတယ်လို့ထင်ကြတယ်။ အမှန်က ဘဏ်တွေလောက် အကွက်စေ့တာ ဘဏ်တွေဘဲကို ဘယ်အဆုံးခံမတုန်း။ gift card ရောင်းလိုက်တဲ့ဖက်ကို ပြဿနာသွားရှာတာပေါ့။ လုပ်နေကြက dispute or chargeback ဆိုတဲ့ option ပေးတယ်။ dispute လုပ်တာက သူခိုးမဟုတ်ဘဲ တကယ့်ကဒ်ပိုင်ရှင်ဖြစ်တယ်ဆိုတာကို အထောက်အထားနဲ့ပြနိုင်တဲ့အခါမျိုးလုပ်ရတယ်။ dispute လုပ်တာ fail တယ်ဆို လူတွေကို အလုပ်ရှုပ်အောင်လုပ်လို့ပေးရတဲ့ fees တွေက chargeback ပြန်ပေးရတာနဲ့ processing fees ပေးရတာပေါင်းပြီးရင်တောင် ၂ဆကျော်တယ်။ တော်ရုံ business အသေးစားတွေဆို dispute လုပ်ဖို့ တော်တော်စဉ်းစား ဆုံးဖြတ်ရတယ်။ ဒီလိုအခြေအနေမှာက ဘယ်လိုကြည့်ကြည့် ရောင်းသူဖက်က ရှုံးတာဘဲ။ insurance မရှိတဲ့ ကဒ်ဆိုရင်တော့ ခိုးခံရတဲ့သူဖက်က ရှုံးဖို့များတယ်။ သူခိုးက ၀ယ်သွားတဲ့ ပစ္စည်းက Cancel လုပ်လို့ရတဲ့ ပစ္စည်းမျိုးဆိုရင်တော့ ပိုက်ဆံပြန်ရနိုင်တာမျိုးရှိတယ်။

မြန်မာမှာ ဘယ်ကစ

မြန်မာမှာ အဲ့လိုတွေစလုပ်နေခဲ့တာက အချိန်မနည်းတော့ပါဘူး။ အဓိက စပြီးခေတ်စားလာတာက Netflix နဲ့ တခြား streaming services တွေ မြန်မာမှာ VPN မလိုဘဲသုံးလို့ရလာတဲ့အချိန်မှာ ဒါတွေကို ဈေးသက်သက်သာသာနဲ့ ကြည့်နိုင်ဖို့ဆိုပြီး ၀ယ်ရောင်းလုပ်လာကြတာနဲ့ Free Net လို့ ခေါ်ကြတဲ့ Mobile Internet ကို bill မကုန်ဘဲ သုံးတဲ့နည်းလမ်းတွေ ရောင်း၀ယ်မှုလုပ်ရင်း အသိများလာကြတာပါ။ အဲ့ဒီ့ အချိန်က အချိန်ပေး လေ့လာနိုင်တဲ့သူတွေဘဲ ဒီအလုပ်ကိုလုပ်နေကြတာဖြစ်‌ပေမယ့် အာဏာသိမ်းပြီးနောက်ပိုင်း Internet Censorship နဲ့ Outage တွေများလာတဲ့အပေါ်မှာ နည်းပညာပိုင်းစိတ်၀င်စားတဲ့ လူငယ်တွေတော်တော်များများက ပိတ်နေတာတွေကို အသုံးပြုနိုင်ဖို့တင်မက တိုးပြီးကောက်ခံလာတဲ့ Internet အသုံးပြုစရိတ်တွေကို ရှောင်လွှဲနိုင်ဖို့ Service Provider တွေရဲ့ port နဲ့ URI loophole တွေကို ရှာဖွေပြီး VPN နဲ့ အလားတူ service တွေကို virtual server တွေအသုံးပြုလာကြတယ်။ Virtual server ဆိုတာ အလကားရနေတာမျိုးမဟုတ်ဘဲ ပိုက်ဆံအထိုက်အသင့် လစဉ် သို့မဟုတ် နှစ်စဉ် ပေးပြီး အသုံးပြုရတာမျိုး။ တကယ်တမ်း ကျသင့်သလောက်ပေးရမယ်ဆိုရင် သက်သာဖို့ဆိုတာ မဖြစ်နိုင်သလို အမြတ်ယူပြီး ပြန်ရောင်းဖို့ဆိုတာလဲ မဖြစ်နိုင်ပြန်ဘူး။ ဒီတော့ သုံးလို့ရမယ့် debit/credit card တွေကို ရှာပြီး server access တွေရဖို့ ကြိုးစားကြတယ်။ အဲ့ဒီကနေမှတဆင့် စျေးကွက်ရှိနေပြီးသားဖြစ်တဲ့ တခြား premium services/subscriptions တွေကိုလဲ ဒီလိုနည်းနဲ့ ယူလို့ရမှန်းသိလာကြတော့ တဖြည်းဖြည်းနဲ့ ပန်းတိုင်ပြောက်ပြီး ဒီနယ်ပယ်ထဲကို လုံးလုံးရောက်လာကြတယ်။

ကျွန်တော့် မိတ်ဆွေတယောက်နဲ့ ဒီကိစ္စနဲ့ပတ်သတ်ပြီး ၂၀၂၃ အစပိုင်းလောက်မှ ပြောဖြစ်သေးတယ်။ သူ့ဆီက သိရတဲ့ မှတ်သားစရာတခုက

လူငယ်တွေအတွက် motivation ဆိုတာ achievement နဲ့ recognition ကနေ အဓိကလာတာ။ အာဏာသိမ်းပြီးနောက်ပိုင်း အားကစား၊ ပညာရေး၊ လူမှုရေး နဲ့ စီးပွါးရေး ပိုင်းကနေ achievement တွေ recognition တွေဆိုတာ ရဖို့မဖြစ်နိုင်သလောက်ဘဲ။ eSport ပိုင်းအနေနဲ့လဲ ဖြစ်မြောက်လာအောင် လုပ်နိုင်ဖို့ဆိုတာ မအောင်မြင်လာခင်မှာ အိမ်က တင်ကျွေးထားနိုင်မှ အဆင်ပြေတာဆိုတော့ ရတဲ့နည်းလမ်းသုံးပြီး achievement နဲ့ recognition ကိုရှာရတဲ့ အခြေအနေဖြစ်နေတယ်။

Legal ပိုင်းဆိုင်ရာနဲ့ ပတ်သတ်ပြီးရေးထားတဲ့ အပိုင်းကိုတော့ လူငယ်တွေကို ဒုက္ခပေးချင်တဲ့ လူတွေအတွက် လက်နက်ဖြစ်သွားမှာစိုးတာ‌ကြောင့် ကျွန်တော် ပြန်ဖျက်ထားလိုက်ပါတယ်။

Ref: https://docs.stripe.com/disputes/prevention/card-testing

DMCA.com Protection Status